ဒီနေ့ Speaker's Corner ကို ရောက်ခဲ့ပါတယ်။ တကယ်တမ်း ပေးဆပ်နေသူတွေနဲ့ ယှဉ်လိုက်ရင် အဲဒီကိုသွားခဲ့တယ်ဆိုတာလေးက ဘာမှကို မဟုတ်ပါဘူး။ တစ်ဘ၀လုံး ပေးဆပ်ခဲ့သူတွေ၊ ပေးဆပ်နေသူတွေနဲ့ ယှဉ်စရာကိုမဟုတ်ဘူးလို့ ထင်ပါတယ်။
ကျွန်မအတွက်ကတော့ ဒီနေ့ဟာ စိတ်မကောင်းလဲ ဖြစ်ရတဲ့နေ့၊ ရှက်လဲရှက်ရတဲ့နေ့တစ်နေ့ပါ။ စင်ကာပူကျွန်းကလေးမှာ မြန်မာတွေအများကြီးရှိပါတယ်။ သူငယ်ချင်းတွေလဲ ရှိပါတယ်။ အနည်းနဲ့အများ အဆင်ပြေနေတဲ့သူတွေပါပဲ။
စိတ်မကောင်းဖြစ်ရတာက သူတို့ရဲ့ ပြောစကားလေးတွေ၊ အတွေးတွေအတွက်ပါ။ PR မရှိသေးတဲ့သူတွေက ဒါမျိုးတွေလုပ်လို့ PR လျှောက်တဲ့အခါ မကျတတ်ပါဘူးတဲ့။ လက်ဝယ်ရှိပြီးသားသူတွေအတွက်ကတော့ သက်တမ်းတိုးရင် ခက်ပါလိမ့်မယ်တဲ့။ ကျွန်မ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ့်တိုင်းပြည်က တသက်လုံးခံစားခဲ့ရတဲ့သူတွေကို သူတို့မေ့သွားကြတာလား။ မစဲဘဲကျခဲ့ရတဲ့မျက်ရည်တွေကို သူတို့အသည်းနှလုံးတွေက လျစ်လျူရှုသွားနိုင်အောင် မာကြောသွားကြပြီလား။ ကိုယ့်အတွက်ဆိုတာ တစ်ခုတည်းကိုပဲ စဉ်းစားတတ်တော့တဲ့ လူငယ်တွေဖြစ်သွားပြီလား။ PR မကျတော့ရော ဘာဖြစ်ပါသလဲ။ ကိုယ့်မှာ ကိုယ်ပိုင်တိုင်းပြည်ရှိပါတယ်။ ဒီက PR ဆိုတာ ခံစားချက်၊ ခံယူချက်တွေနဲ့ လဲရလောက်အောင် မက်မောစရာဖြစ်နေပါပြီလားလို့ အတွေးနယ်ချဲ့မိပါတယ်။
ကျွန်မဒီလိုပြောရင် သူတို့ကပြန်ပြောပါလိမ့်မယ်။ မင်းကရော ဘာတွေများ လုပ်နေလို့လဲပေါ့။ ကျွန်မ ဘာမှ မလုပ်ခဲ့ပါဘူး။ လုပ်လဲ မလုပ်နိုင်သေးပါဘူး။ ကိုယ့်ကိုကိုယ် အရမ်းသတ္တိရှိတယ်လို့ တစ်ခါမှမပြောခဲ့ပါဘူး။ ကျွန်မတို့ဟာ အကြောက်တရားနဲ့ အသားကျခဲ့ပြီးသားသူတွေပါ။ အဲဒီခေါက်ရိုးကျိုးနေတဲ့ စိတ်တွေကို ပြုပြင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတုန်းပါ။ ပေးဆပ်နေသူတွေ၊ ပေးဆပ်ခဲ့သူတွေကို စဉ်းစားလိုက်တိုင်း ကိုယ့်ကိုကိုယ် ရှက်ရတဲ့အဆင့်မှာရှိတဲ့ သူတွေပါ။ ဒါပေမယ့် တစ်နေ့မှာ သတ္တိရှိသူတွေအဖြစ်နဲ့ တိုင်းပြည်အကျိုးကို ထမ်းဆောင်နိုင်သူ ဖြစ်ရပါစေလို့ ရည်ရွယ်ပါတယ်။ ပြည်တွင်းမှာ၊ သေနတ်ပြောင်းအောက်မှာ ပြုံးပြုံးလေးနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေသူတွေရဲ့ ခြေဖ၀ါးအောက်က မြေမှုန်လောက်တောင် တန်ဖိုးမရှိသေးပါဘူး။ တိုင်းပြည်ပြင်ပမှာနေပြီး ဘာမှမလုပ်ရဲသေး၊ ဘာမှမလုပ်နိုင်သေးတာကို တွေးတိုင်း ရှက်မိပါတယ်။
ကျွန်မတို့ဟာ ဒေါင်းယောင်ဆောင်နေတဲ့ ကျီးတွေပါ.....
Sunday, May 31, 2009
Subscribe to:
Comments (Atom)
